Saturday, February 18, 2012

နိုင်ငံတကာအဆင့် မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲ

     အာဆီယံ ဒေသတွင်းသာမက၊ အာရှနှင့် ဥရောပနိုင်ငံများမှပါ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့ ရိုးရာ စစ်တုရင် International Open ပြိုင်ပွဲကို မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၂ ရက်နေ့တွင်ပထမဆုံး အကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲကို ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ဖူးသည့် ဖိလစ်ပိုင်မှ မစ္စတာ တင်ဘိုမီးနိစ်အား ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး၊ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း၊ နိုင်ငံတကာမှ လာရောက် ယှဉ်ပြိုင်သူများ အားလုံးကို လက်ခံ၍ ပြိုင်ပွဲ ခန်းမ အခက်အခဲ မရှိပါက ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲဝင် အားလုံးကို လက်ခံ သွားမည်ဟု သိရသည်။ ၄င်းပွဲတွင် အာဆီယံနိုင်ငံ ၁ဝ နိုင်ငံ အပြင် လာရောက် ယှဉ်ပြိုင် နေကျ ဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ ရုရှား စသည့် နိုင်ငံများနှင့် ဥရောပ နိုင်ငံများ ဖြစ်သည့် ဖင်လန်၊ ဂျာမနီ၊ အင်္ဂလန် နိုင်ငံ များမှလည်း ပြိုင်ပွဲ ဝင်ကြမည် ဖြစ်ကြောင်း သိရသည်။ ”ဒီလို နိုင်ငံတကာ အဆင့် ပွဲမျိုးကို မြန်မာနိုင်ငံမှာ ပြုလုပ်တာ ပထမဆုံး အကြိမ်ပါ။ နေရာ ကိုတော့ လောလောဆယ် Central Hotel မှာ လျာထား ပါတယ်။ အဲဒီမှာ ပြိုင်ပွဲဝင် ၂ဝဝ လောက် ဆန့်နိုင်တယ်” ဟု မြန်မာ့ ရိုးရာ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။ ထိုပွဲ၌ အနိုင်ရသူ များကို ပထမဆု ဒေါ်လာ ၃ သောင်း၊ ဒုတိယဆု ဒေါ်လာ ၁၅ဝဝ၊ တတိယဆု ဒေါ်လာ ၁ဝဝဝ နှင့် ကျန်ရှိသည့် ဆုများ အပါအဝင် ဒေါ်လာ စုစုပေါင်း တစ်သောင်း ပြည့်အောင်
ပေးသွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ များ ဆက်လက် ပြုလုပ် ဖြစ်ပါက ရန်ပုံငွေ အနေ အထားအရ ပြောင်းလဲ ချီးမြှင့်ရန် အစီအစဉ် ရှိကြောင်း သိရသည်။