Saturday, February 18, 2012

မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ (၂၀၁၂ခုနှစ်)

16 Feb, 2012
      ၂၀၁၂ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည် (၁) နာရီ အချိန်က ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမမှာ   ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ တို့ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲဟာ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၃ ရက်အထိ ၉ ရက် ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနား အပြီးမှာ ပြိုင်ပွဲရဲ့ ပထမနေ့ ပွဲစဉ်အတွဲများကို ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် ပြိုင်ပွဲကို အမျိုးသမီး ပြိုင်ပွဲဝင် ၁ ဦး အပါအ၀င် ပြိုင်ပွဲဝင် ကစားသမားပေါင်း ၄၆ ဦး ၀င်ရောက်ယှဉ်ပြိုင် နေတာဖြစ်ပြီး ပြိုင်ပွဲကို ဆွစ်စနစ်ဖြင့် ကျင်းပပေးတာလည်း ဖြစ်ပါတယ်။


      ပြိုင်ပွဲဝင် အတွဲ ၂၃ တွဲဟာ တစ်ပွဲနိုင်လျှင် တစ်မှတ် ရရှိမှာဖြစ်ပြီး သရေကျလျှင် အမှတ်ဝက် ရရှိမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် အားကစားဟာ ရှေးမြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်တာကြောင့်မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် မြန်မာ့ရိုးရာ စစ်တုရင် အားကစားနည်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး အခုလို ပြိုင်ပွဲတွေကို ကျင်းပပေး နေရတာလည်း   ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ပွဲစဉ်များနှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။
      မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမယ့် စစ်တုရင် ပြိုင်ပွဲကို မြန်မာ့ရိုးရာ အားကစား ပြန့်ပွားစေရန်အတွက် ရည်ရွယ်ကျင်းပမှာဖြစ်ပြီး ထူးချွန်သူ များအတွက် ဆုကြေးငွေ ၅ သိန်းခန့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
       ပြိုင်ပွဲကို နေ့စဉ် တစ်နာရီမှ စတင် ကျင်းပသွားမယ့် အဆိုပါ ပြိုင်ပွဲကို ချီဆွစ် စနစ်ဖြင့် ကျင်းပ သွားမှာဖြစ်ကြောင်း သိရှိရပြီး ဒီပြိုင်ပွဲမှ ထူးချွန်သူများကို မြန်မာ့ရိုးရာ စစ်တုရင်လက်ရွေးစင် အသင်းအတွက် ပဏာမကစားသမား အဖြစ်ရွေးချယ် သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။  ဒါ့အပြင် ယခုပြိုင်ပွဲမှ လက်ရည်စစ် အောင်မြင်သူများဟာ ၂၀၁၂ ခုနှစ်အတွင်း ကျင်းပမယ့် မြန်မာ့ရိုးရာ စစ်တုရင် တံခွန်စိုက် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
       လက်ရှိ ချန်ပီယံကတော့ မောင်မောင်လတ် ပဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲကို တစ်နှစ်ကို ၃ ကြိမ်ခန့် ပုံမှန်ကျင်းပ နေတာဖြစ်ပြီး အခု ကျင်းပမယ့် ပြိုင်ပွဲဟာ ယခုနှစ်အတွက် ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်တယ်လို့ သိရပါသည်။