Wednesday, May 18, 2011

ပထမဆုံး နိုင်ငံတကာ အဆင့်ဝင် ရိုးရာအားကစား

ပထမဆုံး နိုင်ငံတကာ အဆင့်ဝင် ရိုးရာအားကစားအဖြစ် စစ်တုရင် ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းကို အာဆီယံ စစ်တုရင်ဟု အမည်ပြောင်း ထည့်သွင်းပြီးနောက် ပထမဆုံး နိုင်ငံတကာ အဆင့်ဝင် အားကစား ဖြစ်လာကြောင်း အာဆီယံနိုင်ငံများ စစ်တုရင် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောကြားသည်။ မြန်မာ့ရိုးရာ စစ်တုရင်ကို အခြေခံသည့် အာဆီယံ စစ်တုရင်ကို အတည်ပြု ပြဌာန်းလိုက်သဖြင့် နောင်ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် စစ်တုရင် အားကစားနည်း ထည့်သွင်း ကျင်းပသည့်အခါ အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် ယှဉ်တွဲလျက် အာဆီယံ စစ်တုရင်ကိုပါ ထည့်သွင်း ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာ စစ်တုရင် ကစားသမားများ လက်စွမ်းပြနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ရန် အခွင့်အလမ်း ဖြစ်လာမည်ဟု ဦးမောင်မောင်လွင်က ဆိုသည်။ ကစားခုံနှင့် အရုပ်များကို အပြည်ပြည်ဆိုင်ရာ စစ်တုရင်ခုံနှင့် အရုပ်များကိုပင် အသုံးပြုမည်ဖြစ်ကြောင်း၊ ဘုန်းကြီး (Bishop) ကို ဆင်အဖြစ် အသုံးပြုကာ မိဖုရား (Queen) အရုပ်ကိုမူ မိဖုရားအဖြစ် ဆက်လက် ခေါ်ဆိုမည် ဖြစ်သော်လည်း ရွှေ့ကွက်ကို စစ်ကဲအတိုင်း သတ်မှတ်ကြောင်း၊ နယ်ရုပ်များကို တတိယတန်းတွင် နေရာချထားပြီး ကျန်ကစားကောင်များမှာ ပထမတန်း အပြည်ပြည်ဆိုင်ရာ စစ်တုရင် အတိုင်းပင်ဖြစ်ကြောင်း စစ်တုရင် အဖွဲ့ချုပ်ထံမှ သိရသည်။မြန်မာ့ရိုးရာ စစ်တုရင်သည် တစ်ကွက်ချင်း အနီးကပ် ကွက်စိပ် အနုစိတ် ကစားရပြီး အပြည်ပြည်ဆိုင်ရာ စစ်တုရင် သည်ပါဝါကို အသုံးပြု တိုက်ခိုက်ရသည့် သဘောဖြစ်သည်ဟု ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှ မြန်မာ့ရိုးရာ စစ်တုရင် ကစားသည့် အတွေ့အကြုံနှစ် ၃၀ ရှိ ဦးသီဟက ဆိုသည်။

မြန်မာ့စစ်တုရင်သည် သေနင်္ဂဗျူဟာအရ အနုစိတ်ရပြီး စိတ်ရှည်ရကြောင်း၊ ကစားပွဲ စဖွင့်သည်နှင့် စတိုက်ရကြောင်း၊ စစ်တုရင် ကစားသက် ၅၆ နှစ်ကျော် အသက် ၇၄ နှစ်ရှိ ဦးအောင်ကြီးက ပြောပြသည်။ ရိုးရာစစ်တုရင်သည် ခွေဆိုကာ ကောက်ထုရခြင်းသည် အရသာ တစ်ခုဖြစ်ကြောင်း၊ လူရွေးပွဲကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဟု သိရပြီး ရိုးရာကို အခြေခံထားသဖြင့် ရွှေသာမှန်းကြောင်း၊ ၁၉၇၃၊ ၇၄၊ ၇၅ ခုနှစ်တို့တွင် စွယ်စုံဒိုင်းသုံးနှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သူ ဦးအောင်ကြီးက ဆိုသည်။ မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းသည် စစ်အင်္ဂါလေးပါး ပြည့်စုံစွာ ပါဝင်ပြီး ရှေးဗမာ့ တပ်မတော်များတွင် အသုံးပြုသည့် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်များ ပါဝင်ကာ ပကတိစစ် အသွင်ဆောင်၍ အနုပညာ ဆန်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်သည် အကောင်တစ်ကောင်ချင်း တန်ဖိုးကို တွက်ချက် ကစားရသဖြင့် စီးပွားရေး စာရင်းကိုင် သဘောမျိုးဆောင်ကြောင်း ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား စစ်တုရင် လက်ရွေးစင်ဟောင်း တစ်ဦးက သုံးသပ် ပြောကြားသည်။ အရှေ့တောင်အာရှတွင် လက်ဝှေ့၊ သိုင်းတို့သည် မြန်မာ့ရိုးရာများနှင့် မကွာလှသော်လည်း သိုင်းဆိုလျှင် အင်ဒိုနီးရှား ကိုယ်ခံပညာကို အခြေခံကာ ပန်စိဂျာလပ်ဟု အရှေ့တောင်အာရှတွင် ယှဉ်ပြိုင်နေကြောင်း၊ မြန်မာ့လက်ဝှေ့နှင့် မကွာသည့် ထိုင်းမွေ့ထိုင်းလက်ဝှေ့သည် နိုင်ငံတကာသို့ ထိုးဖောက် တွင်ကျယ်နေကြောင်း၊ ယခု မြန်မာ့ရိုးရာ စစ်တုရင်သည် အာဆီယံ စစ်တုရင် အမည်ဖြင့် နိုင်ငံတကာ အဆင့်ဝင်လာသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်း အားကစား ကလောင်ရှင် တစ်ဦးက ဆိုသည်။ စစ်တုရင် ကစားနည်းသည် အေဒီရှစ်ရာစုခန့်က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာပညာရှင်များက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် မူလစစ်တုရင်နှင့် အသွင်ကွဲစေခဲ့ကာ မြန်မာ့ရိုးရာ စစ်တုရင်ကို ဖန်တီးခဲ့သည်ဟု စစ်တုရင် သမိုင်းစာအုပ်များတွင် ဖော်ပြပါရှိသည်။