Saturday, January 29, 2011

အန်နာတိုလီ ကားပေါ့

ကမ္ဘာ့စစ်တုရင် ချန်ပီယံတို့၏ သမိုင်းတွင် မော်ကွန်း အသစ်တင်လာသူ ရုရှအမျိုးသား အန်နာတိုလီ ကားပေါ့သည် ၁၉၇၈ ခုနှစ် ဖိလစ်ပိုင်နိုင်ငံဘာဂွီအိုမြို့၌ ကျင်းပသောကမ္ဘာ့စစ် တုရင်ပြိုင်ပွဲကြီးတွင်ယှဉ်ပြိုင်သူဗစ်တာကော့ချနွိုင်အား ၆ ပွဲ ၅ ပွဲနှင့် အနိုင်ရရှိခဲ့သူဖြစ်သည်။ ယင်းပြိုင်ပွဲ တွင် ကားပေါ့အနိုင် ရရှိခဲ့သည့်အတွက် ချန်ပီယံကားပေါ့က အမေရိကန်ဒေါ်လာသုံး သိန်းခွဲနှင့် ကော့ချနွိုင်က ဒေါ်လာနှစ်သိန်း ကြေးရခဲ့ကြသည်။


ကမ္ဘာ့ စစ်တုရင် ပြိုင်ပွဲသမိုင်းတွင် အမြင့်ဆုံး ဆုကြေးများဖြစ် သည်။ အသက် ၂၇ နှစ်သာရှိသေးသည့် ကားပေါ့သည် လီနင် ဂရက် တက္ကသိုလ်မှ ဘောဂဗေဒဘွဲ့ရ ကျောင်းသား တစ်ဦးဖြစ် သည်။ ရုရှပြည် အုရယ်နယ်၏ ရှေးဟောင်း မြို့တော်ကလေး တစ်မြို့ဖြစ်သော ဇလာတောက်မြို့တွင် ၁၉၅၁ ခုနှစ် မေလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူသည် ခုနစ်နှစ်သား အရွယ်က ပင် စစ်တုရင်ကို စတင်ကစားခဲ့ရာ အသက် တစ်ဆယ့်ငါးနှစ် အရွယ် (၁၉၆၆) တွင်စစ်တုရင်ဆရာဘွဲ့ကို ရရှိခဲ့သည်။ တဖန် ထပ်ဆင့်၍ ၁၉၆၉ ခုနှစ်၌ အငယ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြန် သည်။ နောက်တနှစ်အကြာတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင် ဆရာကြီးအဖြစ် ထပ်မံဆွတ်ခူး နိုင်ခဲ့ပြန်လေသည်။ ၁၉၇ဝပြည့် နှစ်တွင် စစ်တုရင်ဆရာကြီး စာရင်းဝင် ဖြစ်လာပြီးနောက်ကမ္ဘာ့ ပြိုင်ပွဲကြီးလေးပွဲတွင် အနိုင်ရကာ ၁၉၇၄ ခုနှစ်တွင်ကမ္ဘာ့ချန်ပီ ယံဖြစ်လာသည်။ ပြိုင်ပွဲကြီးပေါင်း ၁၆ ပွဲကစားခဲ့ရာပြိုင်ပွဲ ၁၃ ပွဲ၌ အနိုင်ရပြီး ပွဲစဉ်ပေါင်း ၁၈၇ ပွဲ ကစားခဲ့ကာ၈၈ပွဲနိုင်၊ ၉၃ ပွဲသရေ ၆ ပွဲရှုံးထားသည်။ စစ်တုရင် သတင်းထောက်များက ချီးမြှင့်သော အော်စကာ ဆုကိုလည်း ရယူနိုင်ခဲ့သူ ဖြစ်သည်။

ကားပေါ့သည် မိမိ၏ အမိနိုင်ငံတွင်းရှိ မော်စကိုမြို့တွင် ၁၉၇၁ ခုနှစ်တွင်›င်း၊ နိုင်ငံအပ ပင်လယ်ရပ်ခြား ဟေစတင်၌ ၁၉၇၁ ၁၉၇၂ ခုနှစ်တွင်›င်း၊ စန်အန်တိုနီယို၌ ၁၉၇၂ ခုနှစ်တွင်၎င်း၊ မက်ဒရစ် တွင် ၁၉၇၃ ခုနှစ်တွင်၎င်း စစ်တုရင် ပြိုင်ပွဲများကို အဆက်မပြတ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပွဲစဉ်တိုင်း လိုလိုပင် အောင်ပွဲရရှိခဲ့သည်။

၁၉၇၄ ခုနှစ်တွင် နိ(ခ)မြို့၌ အကောင်းဆုံးအိုလံပစ် စစ်တုရင် ဗိုလ်အဖြစ် စံချိန် တင်နိုင်ခဲ့သည်။ အသက် ၂၄ နှစ်မပြည့်မီကပင် ကားပေါ့သည် နာမည်ကျော် စစ်တုရင် ဆရာကြီး စာရင်းဝင်များ ဖြစ်သော လက်ဖ်ပေါလု ဂေရက် စကီဘောရစ်စပတ်စကီ-ဗစ်တာကော့ချနွိုင်တို့နှင့် ယှဉ်ပြိုင် အနိုင်ယူခဲ့ဘူးသူ ဖြစ်သည်။ အမေရိကန်စစ်တုရင် ချန်ပီယံ ဖစ်ရှာနှင့်လည်း ယှဉ်ပြိုင်ခဲ့ဘူးသူ ဖြစ်သည်။

အန်နာတိုလီ ကားပေါ့သည် ဤသို့ စစ်တုရင်ကစားရာ ၌သာ ထူးချွန်သူ မဟုတ်သေးချေ။ ငယ်စဉ်အခါကတည်းကပင် ပညာရေး၌ ထူးချွန်သူဖြစ်ခဲ့၏။ အလယ်တန်းပညာကို ဆည်းပူး စဉ်ကပင် ရွှေတံဆိပ်ဆုချီးမြှင့် ခံခဲ့ရသည်။

ကားပေါ့သည် စိတ်ဓာတ်ခိုင်မာသည်။ သို့ကြောင့်ပင် အောင်မြင်ခြင်းသရဖူကို ဆောင်းနိုင်ခဲ့သည်။ သူသည်အမိနိုင်ငံ နှင့် မည်မျှပင် ဝေးကွာသော ဒေသသို့ ရောက်နေသော်လည်း သူ့အမိနိုင်ငံမှ နေ့စဉ်လိုပင် အားပေးစာ၊ သံကြိုးစာများကိုပေးပို့ ရရှိနေ၍ သူ့မှာယှဉ်ပြိုင်ရာ၌ ခွန်အားအပြည့် ရှိနေကြောင်းဖြင့် သတင်းစာ ဆရာများအား ဖွင့်ထုတ် ပြောကြားခဲ့သည်။ သူက လည်း အများမျှော်လင့်သလို ကြိုးစားကြောင်း သက်သေ ပြနိုင် ခဲ့သည်။

ကားပေါ့သည် လက်ရွေးစဉ် အားကစားနည်းများ ၁၉၆၇-၁၉၇၇ ဟူသော စာအုပ်တစ်အုပ်ကိုသူ ကိုယ်တိုင် ရေးသားထုတ်ဝေခဲ့လေသည်။ [1]

ကိုးကား

1. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)