အစ္စရေးနိုင်ငံသား စစ်တုရင် ဂရင်းမာစတာ တစ်ဦးသည် အပျော်တမ်း စစ်တုရင်သမား ပြိုင်ဘက် ၅၂၃ ဦးနှင့် စစ်တုရင်ပွဲများ တစ်ပြိုင်နက် ကျင်းပပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ်ရှိ အလစ်ဂါရွှန်းသည် တဲလ်အဗစ်မြို့ရာဘင်ရင်ပြင်တွင် အောက်တိုဘာလ ၂၁ ရက်နေ့မှစပြီး ပြိုင်ဘက်များနှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်ခဲ့ရာ ၄၅၄ ဦးကိုအနိုင်ရပြီး ၁၁ ဦးကို ရှုံးနိမ့်ကာ ၅၈ ပွဲသရေကျခဲ့သည်ဟု သိရသည်။
ကမ္ဘာ့စံချိန်သစ် တင်ရန်အတွက် ပွဲအရေအတွက် ၅၀၀ နှင့် အထက် တစ်ပြိုင်နက် ယှဉ်ပြိုင်ရန်လိုသလို ယှဉ်ပြိုင်သည့် ပွဲအားလုံး၏ ၈၀ ရာခိုင်နှုန်းကိုလည်း အနိုင်ရရန် လိုအပ်သည်။ ဂါရွှန်းသည် ၁၉ နာရီကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅း၃၀ နာရီတွင် နောက်ဆုံးကျန်သည့် ပြိုင်ပွဲကို အပြီးသတ်နိုင်ခဲ့သည်။ ပြိုင်ပွဲဝင်နိုင်ရန်အတွက် ကိုယ်ကာယကြံ့ခိုင်ရန် လေ့ကျင့်ခန်းများစွာ ပြုလုပ်ခဲ့ရပြီး ရွရွအပြေးလေ့ကျင့်ခြင်း၊ ရေကူးခြင်းများကိုပါ လုပ် ခဲ့ရသည်ဟု သိရသည်။ စစ်တုရင်ခုံများအကြား ကူးချည်သန်းချည် ပြုလုပ်ရသည့် ခရီးပင် ၂၅ မိုင် ကျော်သည်ဟု သိရသည်။
ယခင် ကမ္ဘာ့စံချိန်ရှင်မှာ အီရန်နိုင်ငံသား မော်တီဇာမာဂျော့ဘ် ဖြစ်သည်။ မာဂျော့ဘ်သည် ၂၀၀၉ ခုနှစ်က ပွဲ ၅၀၀ ကို တစ်ပြိုင်နက် ယှဉ်ပြိုင်ပြီး ၁၈ နာရီဖြင့် ပြီးစီးခဲ့ကာ တစ်ကွက်တိုးရန် ပျမ်းမျ ၅ စက္ကန့်အောက်သာ အချိန်ယူခဲ့သည်။ အီရန်နှင့် ဆက် ဆံရေး တင်းမာနေချိန်တွင် အီရန်နိုင်ငံသားတစ်ဦး၏ စံချိန်ကို အစ္စရေးနိုင်ငံသားက ချိုးနိုင်ခဲ့ခြင်းကြောင့် စိတ်ဝင်စားဖွယ် စံချိန်တစ်ရပ် ဖြစ်ခဲ့ရသည်။
ဂါရွှန်းက'' ကျွန်တော်တို့ အီရန်နဲ့ တိုက်ရမဲ့ စစ်ပွဲအားလုံး စစ်တုရင်ခုံပေါ်မှာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်''ဟု ပြုံးလျက် ပြောကြားခဲ့သည်။