Monday, September 19, 2011

စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ကုန်စည် ပြပွဲကြီး

စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ကုန်စည် ပြပွဲကြီး၌ အနုပညာရှင်များ ဖျော်ဖြေ တင်ဆက်မှု ပါဝင်မည်

မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်စည်ပြပွဲကြီး (Myanmar Amazing Expo' 2011) ကို မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ၃ဝ-၈-၂ဝ၁၁ ရက်တွင် MGB Business Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ကုန်စည် ပြပွဲကြီးကို သီတင်းကျွတ် အထူး ကုန်စည် ပြပွဲကြီး အဖြစ် အောက်တိုဘာလ ၈ ရက်မှ အောက်တိုဘာလ ၁၂ ရက် အထိ ငါးရက် တိုင်တိုင် ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌ MGB Business Group က ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
''အခု ကုန်စည်ပြပွဲက စစ်တုရင် အဖွဲ့ချုပ်  ရန်ပုံငွေ အတွက် ပထမဆုံး ကျင်းပတဲ ကုန်စည် ပြပွဲပေါ့၊ ဒီပွဲမှာ အရောင်းပြခန်း၊ ဆိုင်ခန်းပေါင်း ၄ဝဝကျော် ပါမယ်၊ အဲ့ဒီ ဈေးရောင်းပွဲတော်မှာ အကြီးဆုံး ပစ္စည်း ဖြစ်တဲ့ ကားကနေ စပြီး ကွန်ပျူတာ နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါး ဆေးရုံသုံး ပစ္စည်းတွေ၊ ကင်မရာတို့၊ မိုဘိုင်းဖုန်းတို့၊ အလှပြင် ပစ္စည်းနဲ့ ပတ်သက်တာတွေ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်မှု အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စားသောက်ကုန်၊ စက်မှုလက်မှု ပစ္စည်းတွေကို သူ့နေရာနဲ့ သူ စနစ်တကျ ပြသွားဖို့ စီစဉ်ထားတယ်။
ဒါ့ပြင် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ကလည်း  တင်ဆက်သူ အနေနဲ့ ပါဝင်ဖို့ ရှိတယ်''ဟု ယင်းက ပြောကြားသည်။  အဆိုပါ ကုန်စည်ပြပွဲကြီးသို့ လာရောက်သည့် ပရိသတ် အထူး စည်ကားမှု ရှိစေရန် Main Stage ကြီး တစ်ခု နှင့် Indoor Stage တစ်ခုကို ထားရှိမည် ဖြစ်ပြီး Indoor Stageတွင် နံနက် ၁ဝ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ တစ်ကြိမ်၊ ညနေ ၃ နာရီ မှ ည ၉ နာရီ အထိ တစ်ကြိမ်Model Show ပြိုင်ပွဲ၊  Dancer အကပြိုင်ပွဲ နှင့် Main-sponsor , Co-sponsor တို့၏ အမှတ်တံဆိပ် ကြော်ငြာရှိုး တင်ဆက်မှုများကို နေ့စဉ် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Main Stage ၌ ညနေ ၆ နာရီ မှ ည ၉ နာရီ အထိ နိုင်ငံကျော် အဆိုတော်များ၏ အထူး ဖျော်ဖြေ တင်ဆက်မှုများကို ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။