Sunday, June 5, 2011

စစ်တုရင်ဒိုင်လူကြီးအဆင့်မြင့်တင်ရေး ပြည်ပမှလာရောက်ပို့ချမည်

ရန်ကုန်၊ ဇွန် ၂
အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာစစ်တုရင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြည်တွင်းဒိုင်လူကြီးသင်တန်း National Arbiterအဆင့်မြှင့်တင်ရေးသင်တန်းကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် အဆင့်မြင့်ဝါရင့်အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးနှစ်ဦးက လာရောက်ပို့ချသင်တန်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ ချုပ်မှ ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း က The Voice Weekly သို့ပြောကြားသည်။
  ယင်းသင်တန်းတွင် ပို့ချမည့် ဆရာမှာ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်မှ အဆင့်မြင့်ဝါရင့်အပြည်ပြည်ဆိုင်ရာ စစ်တုရင်ဒိုင်လူကြီး International Arbiter နှစ်ဦးက လာရောက်ပို့ချပေးမည်ဖြစ်ကြောင်း ၄င်းကပြောကြား သည်။
  ယင်းသင်တန်းမှ အရည်အချင်းပြည့် မီအောင်မြင်သူများသည် ၂၀၁၃ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် စီစဉ်ထားသည့် အပြည်ပြည်ဆိုင်ရာ စစ်တုရင် ဒိုင်လူကြီးသင်တန်း Arbiter Seminarသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းသို့ အဆင့်မြှင့်စစ်တုရင် အားကစားသမားနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။


The Voice Weekly